သူတို့ဆီမှာ … လာကဒမ်း

လာကဒမ်း

အဓိပ္ပာယ်မဲ့သည့် မတရားဉပဒေများကို ဖျစ်ညှစ်အကောင်အထည် ဖော်နေကြ သော မြို့ပြအုပ်ချုပ်မှု ယန္တရားက သာ ဆေးခြောက်ပင်များကို သတ်နေခြင်းဖြစ်၏… ထိုသို့ မဟုတ်လျှင် ရိုးရာ တိုင်းရင်းသား လူမျိုးများကြားက ဆေးခြောက်နှင့်ဆက်စပ်ယဉ်ကျေးမှု သမိုင်း များသည်  အရှေ့တောင်အာရှ အထိ ထိုးဖောက် နိုင်သည် အထိ ခမ်းနား ကျယ်ပြန့်သည်ဟု ကျွန်တော်ယုံကြည်ပါသည် ” 

သူတို့ဆီမှာ … လာကဒမ်း

ပလောင်ကိုရင်ငယ်လေးက သစ်သားခေါင်းတလားကို ဖွင့် လိုက်ပြီး အလောင်းကို တစ်ချက်မျှ ကြည့်ကာ ဂါထာတစ်ပုဒ်ကို တိုးတိုးရွတ်နေလေ သည်။ သေဆုံးသူ လှဲလျောင်းနေသော  အထပ်သား အလောင်းစင် လေးသည် ခမ်းနားကြီးကျယ်မှုမရှိသော်လည်း  တအာန်း(ခ)ပလောင်ရိုးရာအတိုင်း နတ်တိုင်လေး များစိုက်ထူကာ အကျအနပြင်ဆင်ထားလေ၏ ။ …နေမဝင်ခင် ရုပ် အလောင်းကို အသုဘ ကုန်းသို့ ယူဆောင်သွားတော့မည်…။

ကိုရင်ငယ်လေးသည် ခေါင်းတလားပေါ်တွင် တင်ထားသော အဝတ်ဖြူစကို ဆွဲယူလိုက်ပြီး ခေါင်းပေါ်  ဝှေ့ယမ်းပြကာ ရှေ့မှစတင်ထွက်ခွာလေသည်။ အလောင်းထမ်းသူများ  နှင့် အသုဘရှုလူအုပ်ကြီး သည်  ကိုရင်လေး၏ အဝတ်ဖြူစလမ်းပြရာ နောက်  နီကျင့်ကျင့်ရွာလမ်းတစ်လျှောက်လိုက်ပါလာရင်း  ရိုးရာအသုဘ တေးများ ကို လွမ်းစရာကောင်းအောင် သီကျူးနေကြလေ သည်။

ခေါင်းတလား
ရိုးရာ အသုဘ အခမ်းအနားတွင် နတ်တိုင်များနှင့်အတူ ပြင်ဆင်ထားသော “ဝိဉာဉ်လမ်းပြ” အဝတ်ဖြူကို တွေ့ရသည်။ ဆေးခြောက်ပင်များရှားပါးလာသော အခါ “လာကဒမ်း” အစား ရိုးရာစည်းမျဉ်းကို ဖောက်ဖျက်၍ သာမာန်ချည်အဝတ်များကိုသုံးစွဲလာရသည်။ (Photo – Hein Thar) 

ရှမ်းပြည်နယ်မြောက်ပိုင်း နက်ရှိုင်းသော တောင်တန်းကြီးများ၏ ရင်ခွင်အတွင်း ရှေးကျသော ဗုဒ္ဓ ဘာသာ တအာန်း(ခ)ပလောင် ရွာများစွာတည်ရှိနေပြီး  ဤ အသုဘ ဓလေ့သည် ဟိုးနှစ်ရာစုများကတည်း ၎င်း တို့ထံ သန္ဓေတည်ခဲ့ကြသည်။   သေဆုံးသူ၏ ဝိဉာဉ် ကောင်းရာမွန်ရာ ရောက်ဖို့ ရာ ကိုရင်ငယ်လေးက အဝတ်ဖြူစ ကို ပြရင်း အသုဘကုန်းသို့ လမ်းပြခေါ်ဆောင်ရသည်။ တရားပေးရသည်။ ထိုသို့ မဟုတ်လျှင် ဝိဉာဉ်သည် လမ်း ပျောက် နေ လိမ့်မည်ဟု ရွာသားများက ကျွန်တော့်ကို စိတ်ရှည်လက်ရှည်ရှင်းပြလေသည်။ 

ကွဲပြားသောစိတ်နူးညွတ်ဖွယ် ဓလေ့များသည် တိုင်းရင်းသားကိုယ်စီတွင်ရှိကြသည်မို့ ဒီတအာန်း အသုဘ ပွဲက သိပ်တော့ မထူးဆန်းပါ။ သို့သော် .. ကျွန်တော့်အတွက် ထူးဆန်းနေသည်က “ဝိဉာဉ်လမ်းပြ အဝတ်ဖြူလေး” ဖြစ်သည်။ ရှေးကျသောရိုးရာစည်းမျည်းအရ ထို  အဝတ်ဖြူ ကို တအာန်းတိုင်းရင်းသားများက သူတို့ အလွန် မြတ်နိုး တန်ဖိုးထားသော “ လာကဒမ်း” ဆိုသည့် အပင်မှ ချည်ဖြင့် ယက်လုပ်ရသည်။ ထိုအပင်က တခြားမဟုတ် ကျွန်တော်တို့ ရဲ့ချစ်လှစွာသော “ ဆရာကြီး”  ဆေးခြောက်ပင် ဖြစ်နေလေသည်။

 စဉ်းစားကြည့်ပါဉီး ..“ဆရာကြီး” သည်  သေဆုံးသူကို ကောင်းမွန်ရာခေါ်ဆောင်မည့် “ဝိဉာဉ် လမ်းပြ” အဖြစ် လည်း ကမ္ဘာမြေ၏ တစ်နေရာတွင် အခန့်သားနေရာယူထားပြန်သည်။ ကျွန်တော်သည် အသုဘလာ ပူဆွေးနေသူ များကြားတွင်  အားနာနာနှင့်ပင် “ဆရာကြီး”အကြောင်း တွေးကာ ပြုံးခန်းဝင် နေမိပါသည်။ 

 အေးချမ်းလှသော ဆောင်းရာသီကာလတစ်ခုတွင် ကျွန်တော်သည် ရှမ်းပြည်နယ်မြောက်ပိုင်း-  တအာန်းဒေသ ရှိ ခေါင်သီလှသော ကျေးရွာအချို့တွင်် ‌ရက်ရှည် နေထိုင်ဖို့ ဖြစ်ခဲ့သည်။ မြန်မာပြည်၏ ဘယ်ဒေသကို ရောက်သည် ဖြစ်စေ ဝိချစ်သူ လူငယ်များသည် ဆရာကြီး( ဆေးခြောက်) နှင့်ထိတွေ့ဖို့ အမျိုးမျိုး ကြိုးစားကြသည်ချည်း ဖြစ်၏။   ဤသို့ဖြင့်  ကြိုးစားရင်း နှင့်မှ  တိုင်းရင်းသားလူမျိုးများ နှင့် ဆေးခြောက် ၏ ပတ်သတ်မှုအချို့ကို  နက်နက်ရှိုင်းရှိုင်းသိလာ ရသောအခါ တချို့ဓလေ့များမှာ  “ဟ…တို့ထက် ဆေးခြောက်ကို ပိုချစ်နေပါလား” ဟု မျက်လုံးပင်ပြူးရသည်။    ကျွန်တော်ရောက်ခဲ့သည့် တအာန်းလူမျိုးတို့၏ မြေတွင်လည်း  ဆေးခြောက်ပင်နှင့်ပတ်သတ်ပြီး နက်ရှိုင်း သည့် ဆက်ဆံရေးရှိကြောင်းကို ကျွန်တော်သိခဲ့သမျှကို ယခု ဖောက်သည် ချလိုပါသည်။

  တအာန်း(ခ)ပလောင်လူမျိုးများသည် မွန်ခမာ အနွယ်များဖြစ်ပြီး မွန်,ဝ လူမျိုးတို့နှင့်အတူ  မြန်မာ့ မြေပေါ်သို့ အစောဆုံး ဝင် ရောက်လာ သူများအဖြစ် မနုဿပညာရှင် တို့က လက်ခံထားကြ၏ ၊  မြေပြန့် ဒေသတွင် ပျူလူမျိုးများ တည်ရှိစဉ် ကတည်း က ယဉ်ကျေးမှုများဖလှယ်ကာ ယှဉ်တွဲနေထိုင်ခဲ့ကြပြီး ၎င်းတို့ခေတ်ကောင်းခဲ့သည့် ရွှေပလောင်ခေတ်၊ငွေပလောင်ခေတ် ဟူ၍လည်းတစ်ခေတ်တစ်ခါက ရှိခဲ့သည်။  ခိုင်မာခမ်းနားသည့်အတိတ်သမိုင်းနှင့် အလွန်လှပသောသဘာဝတရားများကို ပိုင်ဆိုင် သော်လည်း ပြည်တွင်းစစ်ကနှစ်ပေါင်းများစွာ ဖိစီးခဲ့သော ကြောင့် “ပုန်းကွယ်နေသော” နေရာဒေသတစ်ခုဖြစ်ခဲ့ရသည်။

လွန်ခဲ့သော နှစ်ရာစု ပေါင်းများစွာ မှသည် မကြာသေးမှီဆယ်စုနှစ်အထိ  အေးချမ်း၍ ကျယ်ပြန့်လှသော တအာန်း မြေပေါ် ရှိ  အိမ်တိုင်း၊ ဝန်းတိုင်း လိုလိုမှာ၊ လယ်ကွင်းများထဲမှာ   ဆေးခြောက်ပင်များ မျက်စိ တစ်ဆုံး စိုက်ပျိုးခဲ့ကြဖူးသည် –  ဟု အသက် ၈၀ အရွယ် တအာန်းအမျိုးသားကြီး တာဆဲငဲလ် က သမိုင်းတစ်ချို့ကို ကိုးကား ပြီး ကျွန်တော်တို့ ပြောပြပါ သည်။

“ ပလောင်မှန်ရင် ကဒမ်းနဲ့ ခွဲလို့မရဘူး. အပင်ဟာ ဒို့ ရဲ့ရိုးရာယဉ်ကျေးမှုနဲ့ ခွဲခြားလို့ မရတဲ့ အပင်ပါ” ဟု တာဆဲငဲလ်က ကျွန်တော့်ကို ထပ်လောင်း၍ ပြောသည်။ ဘာကြောင့်သူ့ဒီလို ပြောရသလဲဆိုသည့် အကြောင်း ကလည်း ခိုင်ခိုင်မာမာရှိလေသည်။  

 ဆေးခြောက်ကို တအာန်း ဘာသာဖြင့် “ လာကဒမ်း ” ဟုခေါ်ဆိုကြပြီး တချို့ မူကွဲများအရ “လာဆံခဲ”  “ “ ကဆဲည်း” ဟုလည်း ခေါ်ဆိုကြသည်။ ပလောင်တို၏ ဆေးခြောက်ကို အသုံးချပုံမှာ အမယ်စုံ၊အမျိုးစုံလှသည်။ အစေ့ကို စားသည်၊ အရွက်ကို ရေနွေးနှင့်ပြုတ်သောက်သည်၊ အမြစ်ကို ဆေးအဆီထုတ်သည်၊အဖူးကို ခြွေသောက် ကြသည်။ တစ်ချို့ကတော့ ဆေးခြောက်ကို အခြောက်ခံကာ ဆေးလိပ်လို သောက်ရကောင်းမှန်း မသိသော် လည်း ဆေးဖက်ဝင်သည့် အပင်အဖြစ် လက်ခံထားကြသည်။

ပုံ (၂) ရိုးရာတိုင်းရင်းသား နေအိမ်တွင် အနေတော်အဖူးများကို ခူးဆွတ်ပြီး အခြောက်ခံထားသည်ကို တွေ့ရစဉ် ( Photo- MarNaw)
ရိုးရာတိုင်းရင်းသား နေအိမ်တွင် အနေတော်အဖူးများကို ခူးဆွတ်ပြီး အခြောက်ခံထားသည်ကို တွေ့ရစဉ် ( Photo- MarNaw) 

  ကျွန်တော်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းရှိ “ လုံတောက်” ဆိုသော အလွန်လှပသည့် တအာန်းရွာငယ်လေးကို ရောက်ချိန်ဝယ် ဆေးခြောက်ပင် (Marijuana) များ တယုတယ စိုက်ပျိုး ပြီး ဆေးခြောက် အဆီဖြင့် ဆေးဖော်ရောင်းနေသော ဆေးဆရာ တစ်ဉီး နှင့် ဆုံခဲ့ရသည်။  နှစ်ပေါင်းများစွာ သူတို့ မိသားစု အဆက်ဆက် လက်ဆင့်ကမ်းလာသည့် နည်းလမ်းဖြင့် ဆေးခြောက်အဆီကို သစ်ဖု အဆီများ၊အရက်၊ စသည်တို့ နှင့် ရောစပ်ကာ ပရုတ်ဆီဖော်စပ်ခြင်းဖြစ်သည်။ ထိုဆေးမှာ ညောင်းညာကိုက်ခဲ ဝေဒနာများအတွက် အတော်ပင် အကျိုးရှိသည်ကို ကျွန်တော်တို့ လက်တွေ့စမ်းကြည့်ခဲ့ရ၏။

ဆေးခြောက်အဖူး
တအာန်းမြေပေါ်တွင် ဆောင်းရာသီအတွင်း စတင် ဖူးပွင့်နေသော ဆေးခြောက်အဖူးကို တွေ့ရစဉ် (Photo- MarNaw)

  “ ကျွန်တော်တို့ အဘိုးဘွားတွေဆီက ဒီဆေးနည်းကို လက်ဆင့်ကမ်း သင်ခဲ့ကြတာ။ ဆီးချို၊သွေးချို တွေအပြင် အနာရောဂါတွေ တော်တော်များများ ဒီဆေးက ကုနိုင်တယ်  ” ဟုနှစ်သက်တမ်းရှည်လျားခဲ့သည့် သူတို့မိသားစုအိမ်တွင်းဆေးအကြောင်း အမျိုးသားက ပြောလေ၏။

ထိုထက်ပိုသော အချက်က ဆေးခြောက်လျှော် (Hemp) သည်  တအာန်းလူမျိုးတို့၏ ရိုးရာဝတ်စုံများ.ပွဲအခမ်းနားများ နှင့် နေ့စဉ်ဘဝ  အတွက်လုံးဝ  “အသက်” ဖြစ်သည်။ ရှေးတအောန်းမိခင်များကို ကလေးငယ်ကို ချီပတ်ဖို့ဆေးခြောက်အဝတ်ကို အခိုင်ခန့်ဆုံးချည်အဖြစ်သုံးခဲ့ကြသည်။   တအာန်းရိုးရာ မဂ်လာ ဆောင်များတွင် သတို့သားသည်ဆေးခြောက်လျှော်နှင့် ပြုလုပ် ထားသည့် လွယ်အိတ်ကို ဝတ်ရသည်၊  သတို့သမီးက လည်းဆေးခြောက်လျှော်ဖြင့် ပြုလုပ်ထားသည့် ခေါင်းဆောင်းကို ဆောင်းလေ့ရှိကြသည်။  နောက်ဆုံး အထက်မှာဆိုခဲ့သလို လူတစ်ဉီးသေဆုံးသွား လျှင်လည်း ဆေးခြောက်အဝတ်ကို “ဝိဉာဉ်‌လမ်းပြ” အဖြစ်သုံးစွဲကြရသည်။   ထိုသတ်မှတ်ချက်များသည် အလွန် ရှေးကျ ပြီး အရေးပါသည့် ဓလေ့ထုံးတမ်းဖြစ်ပြီး လူသိနည်းသည့် တအာန်းရိုးရာဓလေ့များလည်း ဖြစ်သည်။

 တအာန်းတို့သည် ဆေးခြောက်လျှော်ကို ရိုးရာအဝတ်အဖြစ် သုံးစွဲနိုင်လောက်အောင်လည်း အယက်အလုပ်တအား ပိုင်နိုင် ကျွမ်းကျင် လှသည် ။ သေသပ်သော ရိုးရာ သဘတ်များလည်း ပြုလုပ်လေ့ရှိပြီး ထိုသဘတ်သည် ကျီးပေါင်း ရောဂါနှင့် အကိုက်အခဲများပျောက်ကင်းသည်ဟု ဆိုသည်အထိပါ  အလွန်ယုံကြည် ချက်ပြင်းထန်သည်ကို  ကျွန်တော်တို့ အံ့ဖွယ် နားထောင်ခဲ့ရသည်။ 

ကျွန်တော် ၏ ခရီးစဉ်အတွင်း ကျောက်မဲမြို့နယ်အတွင်းရှိ “ကုန်းဆာ” ဆိုသော ရှေးကျသည့် တအာန်း ရွာလေးကို ဖြတ်အသွားတွင် တအာန်းဘုန်းတော်ကြီးကျောင်းတစ်ခု အတွင်းပိဋိကတ်စာရွက်များ ထုတ်ပိုးထား သည့် ၆ပေနီးပါး ရှည်သော သဘတ် တစ်ထည်ကို တွေ့ခဲ့ကြရာ ဆေးခြောက်လျှော်ဖြင့် ပြုလုပ်သည့် သဘတ် ဖြစ်သည်မို့  ရအောင် တောင်းယူခဲ့ လေသည်။  ထိုသဘတ် မှာ နှစ်ပေါင်း ၈၀ ကျော်သက်တမ်းရှိနေပြီ ဖြစ်ပြီး ရှေးပလောင် အဖွား အိုများက စိတ်ရှည်လက်ရှည် ယက်လုပ်ခဲ့မှန်းသိသာ လှသည်။

  အမှန်တော့ ဆေးခြောက်ပင်မှ Handmade သက်သက်ဖြင့် အဝတ်တစ် ခုထွက်အောင် ယက်လုပ်ဖို့မှာ ခက်ခဲပြီးအချိန် ၂ လခန့် ပေးရသည့် အလုပ်ဖြစ်သည်။ ပင်စည်မှ အခေါက်များကို ချည်အသွင်ပျော့ပြောင်း သွားအောင် အရင်ထုနှက်ပြီး မွ ပေးရသည်။ ပြီးတော့ သူတို့စီမံထားသည့် အရည်တစ်မျိုးနှင့် ရက်အတန်ကြာစိမ် ရပြန်သည်။ ထို့နောက် ချည်အသွင်ပြန်လုံးရသည်။ ပျော့အောင်ထုရသည်။ သစ်ခေါက်ရောင်မှ အဖြူရောင်ဖြစ် အောင် ဆန်မှုန့်ဖြင့် ကြိမ်ဖန်များစွာ အရောင်ချွတ်ရသေးသည်။ ထို့ကြောင့် ယနေ့ ခေတ်တွင် ထိုကဲ့သို့ ရိုးရာသဘတ်များကို အချိန်ပေးပြုလုပ်နိုင်သူ အတော်နည်းလာသည်ဟု တအာန်းတိုင်းရင်းသားကြီး တာဆဲငဲလ်က ရှင်းပြပါသည်။  လျော်ပြုလုပ်ပုံ  video ကို ကြည့်ရှု့နိုင်ပါသည်။

“  နောက်ပိုင်း  ဆေးခြောက်စိုက်ရင် ထောင်ချတယ်ဆိုတော့ ဒီလို ဓလေ့တွေက တော်တော် ပျောက် ကွယ်ကုန် တယ်လေ” ဟု တာဆဲငဲလ်က ဆက်၍ပြောသည်။

တအာန်းရိုးရာသဘတ်
နှစ်ပေါင်း (၈၀)ကျော်သက်တမ်းရှိသည့် ဤတအာန်းရိုးရာသဘတ်မှာ ယခုအချိန်တွင် တွင် ရှားပါးပစ္စည်းတစ်ခု ဖြစ်နေပြီဖြစ်သည်။ (photo -Hein Thar)

မှန်ပါသည်။ ၁၉၉၃ ခုနှစ် မူးယစ် ဥပဒေအရ  မြန်မာနိုင်ငံတွင် ဆေးခြောက်ကို မူးယစ်ဆေး ဝါးအဖြစ် သတ်မှတ်ပြီး စိုက်ပျိုးသူများကို နှစ်ရှည်ထောင်ဒဏ်များချလာသည့်အခါ တအာန်းမြေပေါ်တွင်လည်း ဆေးခြောက်ပင်များ တစ်စစ နှင့် လျော့ပါးလာခဲ့ကြသည်။  ကျောက်မဲ၊ နမ့်ဆန်၊တန့်ယန်း စသည့်  ခေါင်သီဝေး လှသည့် ကျေးရွာများ အချို့တွင်သာ ရှေးကျသည့်ဓလေ့များကို ထိန်းသိမ်းရန် ဆေးခြောက်ကို စိုက်ပျိုးပြီး အထည်ယက်လုပ်သူ အနည်းငယ် သာရှိတော့သည်။

ဆေးခြောက်ပင်များပျောက်ကွယ်လာသည်နှင့်အတူ  နှစ်ပေါင်းများစွာ ခိုင်မာလာခဲ့သည့် တအာန်းရိုးရာ လွယ်အိတ်များ၊ သဘတ်များနှင့် ဝိဉာဉ်လမ်းပြအဝတ်များကို လည်း အလွယ်တကူရနိုင်သည့် ချည်ပိတ်စများနှင့် သာ အစားထိုးလာကြလာသည်က စိတ်မကောင်းရာပင်ဖြစ်သည်။   ဆေးခြာက်နှင့်ပတ်သတ်၍ ထိုချစ်စရာ ဓလေ့များသည် ဒေသခံ များနှင့်ဒေသ အတွက် များစွာ အကျိုးရှိနိုင်သော်လည်း လူသူမသိ ပျောက်ကွယ်သည့် အဖြစ်သို့ ဆိုက် ရောက်ခဲ့ရသည်။

ကျွန်တော်သည် လာကဒမ်းနှင့် တအာန်းလူမျိုးများ၏ အကြောင်းကို တွေးရင်းနှင့်ပင် မချင့်မရဲဖြစ် မိသည်။ တကယ်တော့ မြန်မာပြည် အနှံ့အပြားတွင် ဆေးခြောက်ပင်ကို  မြေကမ္ဘာ၏ လက်ဆောင်မွန်အဖြစ် မြတ်နိုးစွာ ချစ်ခင်ကြပါ သည်။ တိုင်းရင်းသားရိုးရာ အသီးသီးတွင်လည်း ဆေးခြောက် နှင့်ပတ်သတ်၍ နက်ရှိုင်းသော ဆက်ဆံရေးများကိုယ်စီရှိ ကြ၏။   အဓိပ္ပာယ်မဲ့သည့် မတရားဉပဒေများကို ဖျစ်ညှစ်အကောင် အထည် ဖော်နေကြ သော မြို့ပြအုပ်ချုပ်မှု ယန္တရားက သာ ဆေးခြောက်ပင်များကို သတ်နေခြင်းဖြစ်၏… ထိုသို့ မဟုတ်လျှင် ရိုးရာ တိုင်းရင်းသား လူမျိုးများကြားက ဆေးခြောက်နှင့်ဆက်စပ်ယဉ်ကျေးမှု သမိုင်း များသည် အရှေ့တောင်အာရှစေျးကွက်  အထိ ထိုးဖောက် နိုင်သည် အထိ ခမ်းနား ကျယ်ပြန့်သည်ဟု ကျွန်တော် ယုံကြည် ပါသည်။   လွတ်လပ်သော တိုင်းပြည်များတွင် ဆေးခြောက်ပင် နှင့်ပတ်သတ်၍ ဝင်ငွေရလမ်းများကြံဖန် ဖန်တီးနေကြရသည်။  မြန်မာသည်လည်း လွတ်လပ်သောနိုင်ငံဖြစ်လာ သည့်အခါ ဆေးခြောက်နှင့်ပတ်သတ်သည့် မတရားဉပဒေများကို တိုက်ဖျက်ပြီး လမ်းမှန်ရွေးဖို့လိုအပ်ပါသည်။  ဒါမှသာ ကွယ်ပျောက်လုဆဲဆဲ   တအာန်းတို့၏ ရိုးရာသည်လည်း  ပြန်လည်ရှင်သန် လာပေလိမ့်မည်။ 

ကျွန်တော်သည် ဝိဉာဉ်လမ်းပြအဝတ်ကလေး ကြောင်းကို တွေးရင်းနှင့်ပင်  တအာန်းရွာလမ်းမ တစ်လျှောက် တွင် ပလောင်ကိုရင်လေး၏ နောက်ကိုလိုက်နေမိသည်။ နေမဝင်ချိန်တွင် အလောင်းကို လောင်စာ များဖြင့် မီးသဂြိုလ်လိုက်ကြသည်။ လူတစ်ယောက်လောကကြီးထဲက ထွက်ခွာပျောက်ကွယ်သွားလေပြီ  –   သို့သော် ကျွန်တော့်အတွေးများက မဆုံးနိုင်သေးပါ…. ကျွန်တော်သည် …  သေဆုံးပြီးသောဝိဉာဉ်များကို  လမ်းပြရာတွင် စစ်မှန်သော တအာန်း ရိုးရာ ဖြစ်သည့် လာကဒမ်း အဝတ်ဖြင့်သာ လမ်းပြပေးဖို့  လိုလားကြောင်း တစ်ယောက်တည်း မှတ်ချက်ပေးနေမိပါတော့သည်။

Share this post with your friends

Facebook
Telegram
Twitter
Print

Leave a Reply

Your email address will not be published. Required fields are marked *


The reCAPTCHA verification period has expired. Please reload the page.

Recent Post

Tags

Come Back Again

You Must Be Over 18 to Preview Our Website

Age Verification

You must be 18 or older to view and use this website

ARE YOU OVER 18 YEARS OLD?